အားလပ်ရက် စွန့်စားခန်း-၁

အားလပ်ရက် စွန့်စားခန်း-၁

ဒီနေ့…. ဦးအောင်မော်တို့ မိသားစု အနောက်ဘက် ကမ်းခြေသို့ ခရီးထွက်လာခဲ့ကြသည်။ သူတို့မိသားစုအပိုင်ဝယ်ထားသော ကိုယ်ပိုင်ကမ်းခြေနှင့် အပန်းဖြေ အိမ်ကြီးတွင် ဟောလီးဒေး ပိတ်ရက်အတွင်း မိသားစု အနားယူရန် လာခဲ့ကြခြင်းဖြစ်သည်။ အခြား ဂဇက်တက် ဟောလီးဒေး ၂ ရက်နှင့် ကြား ၁ ရက်ခံပြီး စနေ တနင်္ဂနွေ ဆက်ပိတ်သဖြင့် သူတို့ မိသားစုအတွက် အပန်းဖြေရန် အချိန် ၅ ရက်ခန့် ဆက်တိုက်ရ၍လည်း ဤခရီး ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဦးအောင်မော်က “မော်-ဘစ်စနက်ဂရု(ပ်)” ၏ ပိုင်ရှင်၊ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်။ ကြွယ်ဝမှုက အဆမတန်။ သူ့အသက်က ၄၇ နှစ်။ အခုရောက်နေသည့် အပန်းဖြေ အိမ်ကြီးနှင့်အတူ ၅ ဧကလောက် အကျယ်အဝန်းရှိသော ကမ်းခြေမြေကို ကိုယ်ပိုင် ပရိုက်ဗိတ်ဘိ(ရှ်) အနေဖြင့် ဝယ်ထားခြင်း ဖြစ်သည်။ အားလပ်ရက် အထိုက်အသင့်ရတိုင်း ဤနေရာသို့ လာနားလေ့ရှိသည်။

ဦးအောင်မော်၏ မိသားစုအဖွဲ့ဝင်တွေကတော့ သူ၏ ဇနီးချော ၃၉ နှစ် အရွယ်ရှိ ဒေါ်အေမီကြိုင် ၊ သားဖြစ်သူ တေဇာမော် ၊ သူက ၁၉ နှစ်သား နှင့် ၁၇ နှစ်အရွယ် သမီးဖြစ်သူ ရွှန်းရတီမော်တို့ ဖြစ်ကြသည်။ တေဇာက GTC ဒုတိယနှစ် တက်နေပြီး အငယ်မ ရွှန်းရတီက ၁၀ တန်းအောင်အပြီး တက္ကသိုလ် ပထမနှစ်တက်ရန် စောင့်နေသူ ဖြစ်သည်။ သူမက ကွန်ပြူတာတက္ကသိုလ် တက်ရမည်ဟု သိပြီးဖြစ်လေသည်။သူတို့ ဝယ်ထားသော ကမ်းခြေ ခြံကြီးက ချောင်းသာ၊ ငွေဆောင်တို့မှ တောင်ဘက် အနည်းငယ် ဆက်ဆင်းသွားရသေး၏။ ခရီးဆုံး၍ သူတို့ မိသားစု အိမ်ကြီးဆီရောက်တော့ နေ့လည် နှစ်နာရီကျော်ချေပြီ။အိမ်ကြီးကို ကြည့်ရှုထိမ်းသိမ်းရန် လစာပေး ငှားရမ်းထားသော ဘကြီးထွန်းက အသင့် စောင့်ကြိုနေသည်။ အထုပ်အပိုးများကို ကူချပြီး အထဲသွင်းပေးသည်။ သူဌေးမိသားစု လာမည်ဆိုသဖြင့် အိမ်ကြီးကို သန့်ရှင်းထားပြီး၊ လိုအပ်မည့် အစားအသောက်၊ ပစ္စည်းပစ္စယများကို လိုလေသေးမရှိ ပြည့်စုံအောင် စီမံထားပြီးဖြစ်သည်။ အားလုံးပြည့်စုံနေပြီ ဖြစ်သဖြင့် ဦးအောင်မော်က…“ဘကြီးထွန်းရေ… အကုန်လုံး ပြည့်စုံအောင် စီစဉ်ထားပေးတာ ကျေးဇူးတင်တယ်ဗျာ။ ခင်ဗျားလဲ ကျနော်တို့ကိုစောင့်ရင်း မနက်ကတည်းက စီစဉ်စရာအလုပ်တွေ လုပ်နေရတာ မောနေရော့မယ်၊ ပြန်နားချင် နားလို့ရပါပြီ”ဟုတ်ကဲ့ပါ ဆရာကြီး..၊ လိုတာရှိရင် ကျနော့်ကို ဖုန်းသာလှမ်းဆက်လိုက်ပါ၊ ချက်ချင်း လာခဲ့ပါမယ်၊ ဒါဆိုရင် ကျနော့်ကို ခွင့်ပြုပါဦး ဆရာကြီး”“ရပါတယ် ဘကြီးထွန်း… သွားပါ”

အချိန်က ညနေစောင်း နေချိုချိန်သို့ပင် ရောက်ခဲ့လေပြီ။ မိသားစုအားလုံး ယင်းတို့၏ ပရိုက်ဗိတ်ဘိရှ် ကိုယ်ပိုင်ကမ်းခြေ ပတ်ဝန်းကျင် သဲသောင်ပြင်တွင် အနားယူရင်း ပျော်ပျော်ရွှင်ရွှင် ဟေးဟေးဟားဟားနှင့် ရေဆင်းကစားကြသည်။ ကိုယ်ပိုင်ကမ်းခြေ ဖြစ်သဖြင့် အတော်ပင် တိတ်ဆိတ် ငြိမ်သက်လှလေသည်။ ထိုနေရာတဝိုက်တွင် လူမရှိသလောက် ဖြစ်သည်။ အနီးဆုံး ကမ်းခြေ ရီစို့တ်ဟော်တယ်သည်ပင် အတော်ဝေးသေးသည်။ ခပ်လှမ်လှမ်းမှာ ပျပျသာ မြင်ရ၏။

လူအများ ဆော့ကစားကြရာ အများသုံး ကမ်းခြေများနှင့် စားသောက်ဆိုင်များ၊ ပစ္စည်းအသုံးအဆောင် အရောင်းဆိုင်များမှာ အတန်ဝေးသေး၍ သွားရောက်လိုလျှင် ကားမောင်းပြီး သွားမှရပေမည်။ သို့သော် ဈေးဆိုင်တွေနှင့် ဝေးခြင်းက သူတို့ မိသားစုအတွက် အဓိက ပြဿနာ မဟုတ်ပါ။ လိုတာအားလုံး ပြည့်စုံ ပိုလျှံစွာ စီမံထားရန် ဦးအောင်မော်က ဘကြီးထွန်းအား မှာကြားထားပြီး မဟုတ်လား။

ဘကြီးထွန်းမှာ သူတို့ခြံကြီးနှင့် ခပ်လှမ်းလှမ်း ကမ်းခြေ ဧရိယာအပြင်ဖက် ရာဘာခြံကြီးထဲတွင် နေသည်။ ခြံလုပ်ငန်းလည်း တစ်ဘက်က လုပ်သည်။ ဦးအောင်မော်က သူတို့အိမ်ကြီးကိုပါ ကြည့်ရှုစောင့်ရှောက်ပေးရန် ငှားရမ်းထားပြီး အရေးအကြောင်းရှိလျှင် ရန်ကုန်မှလှမ်း၍ မှာကြားဆက်သွယ်နိုင်ရန် ဟန်းဖုန်းတစ်လုံးကိုပါ ပေးထားလေသည်။

ညဦးပိုင်း မှောင်ရီပျိုးတော့ မိသားစုမှာ ကမ်းခြေတွင် camping စခန်းချ၍ မီးဖိုပြီး sea food ပင်လယ်စာများကို ကင်လိုကင် ဖုတ်လိုဖုတ်ဖြင့် စိတ်ကြိုက်စားသောက်ကြတော့၏။ ဆိုရှယ်ကျသော သူဌေးမိသားစုပီပီ၊ ဦးအောင်မော်က ဈေးကြီးသော နိုင်ငံခြားဖြစ် ဝီစကီ၊ ကျန်သားအမိ သုံးယောက်က ဘီယာများသောက်လျက် ဟောလီးဒေး စည်းစိမ်ကို ခံစားကြတော့၏။ ပင်လယ်လေ တဖြူးဖြူး၊ လှိုင်းရိုက်ခတ်သံ တဖြတ်ဖြတ် ကြားတွင်၊ မီးပုံဘေး၌ လတ်ဆတ်သော ပင်လယ်စာကို ကိုယ်တိုင် ကင်စားလိုက် ဘီယာလေး ကျိုက်လိုက်ဖြင်၊ ဟန်ကျနေကြသည်။

ဘကြီးထွန်းနှင့်အတူ သူ၏ သမီးငယ်လေးဖြစ်သူ ကြာဖြူကလည်း လာရောက်ကြည့်ရှုပေးပြီး သက်တောင့်သက်သာ ဖြစ်စေရန် ကူညီလုပ်ကိုင်ပေးကြလေသည်။ အစားအစာများ ကင်ရန်အတွက် အဆင်သင့် ဖြစ်စေရန်၎င်း၊ ဆော့စ်များ၊ အချဉ်ရည်များ ဖျော်စပ်ပေးခြင်းတို့ကို၎င်း၊ ပန်းကန် ခွက်ယောက်များ ချပေးခြင်းတို့ကို၎င်း ကူလုပ်ပေးလျက်ရှိသည်။ ကြာဖြူမှာလည်း ရွှန်းရတီနှင့် ရွယ်တူ ၁၇ နှစ်ခန့် ရှိပေပြီ။

အားရပါးရ စားသောက်ကြ၍ ဗိုက်တင်းကုန်ကြသောအခါ အချိန်မှာ ည ၉ နာရီခန့် ရှိခဲ့ပြီ။ အားလုံး အိမ်ကြီးဆီသို့ ပြန်ရွှေ့လာခဲ့ကြပြီး ဧည့်ခန်းမကြီးထဲတွင် TV ကြည့်ကြသည်။ ဦးအောင်မော် ဈေးကြီးပေး၍ မရမက ဆက်သွယ် တပ်ဆင်ထားသဖြင့် စကိုင်းနက် ကေဘယ်တီဗွီကို ကြည့်နိုင်လေသည်။ ဘကြီးထွန်းနှင့် သမီးဖြစ်သူ ကြာဖြူမှာတော့ ပစ္စည်းပစ္စယများကို နေရာတကျဖြစ်အောင် ကူ၍ သိမ်းဆည်းပေးပြီးမှ သူတို့၏ အိမ်ရှိရာ ခြံထဲသို့ တက်သွား၏။

ည ၁၀ နာရီ ကျော်ခဲ့လေပြီ။ အားလုံး ခရီးလည်းပန်း ဗိုက်လည်း ပြည့်နေကြပြီ ဖြစ်သဖြင့် အိပ်ခန်းအသီးသီးသို့ ဝင်ပြီး အိပ်ကြရန် တာစူကြသည်။ ထိုအချိန်တွင်ပင် အိမ်ရှေ့မှ တံခါးခေါက်သံ ခပ်ကျယ်ကျယ်က ပေါ်ထွက်လာသည်။ သူတို့ စိတ်ထဲတွင် ဘကြီးထွန်းသော်၎င်း၊ ကြာဖြူသော်၎င်း ကိစ္စတစ်ခုခု ကျန်ခဲ့၍ ပြန်လာခြင်း ဖြစ်မည်ဟု ထင်မိကြ၏။ ဒါကြောင့် ဒေါ်အေမီကြိုင်က လျှောက်သွားပြီး တံခါးဖွင့်ကြည့်လိုက်သည်။

တံခါးဟ ပွင့်သည်နှင့် လျှပ်တစ်ပြက်အတွင်း အံ့သြချိန် မရလိုက်မီမှာပင် မျက်နှာတွင် ခေါင်းစွပ်မည်းများ စွပ်ထားသော ယောကျ်ားသုံးယောက် တံခါးကို ဆောင့်တွန်းလျက် ဝင်လာကြသည်။ ၎င်းတို့ လက်ထဲတွင်လည်း သေနတ်ကိုယ်စီနှင့်။ တစ်ယောက်က ဒေါ်အေမီကြိုင်ကို လည်ကိုသိုင်း၍ ဆွဲချုပ်ထားလိုက်ပြီး သေနတ်နှင့် ခေါင်းကို တေ့ထားလိုက်သည်။ ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် ဦးလူမော်တို့ တစ်မိသားစုလုံး၊ ထိတ်လန့်ကြောက်ရွံ့သွားကြသည်။

ဦးအောင်မော် သတိဝင်လာလာခြင်း လှုပ်ရှားမှု တစ်ခုကိုပြုပြီး သူ့ခရီးဆောင် အိတ်ထဲမှ လိုင်စင်ဖြင့်ကိုင်သော သူ့သေနတ်ကို ပြေးဆွဲမည် ကြံသော်လည်း နောက်ပြောင်းဝ တစ်ခုက သူ့ကို ချိန်လိုက်သဖြင့် ထိုအကြံကို လက်လျှော့လိုက်ရ၏။

“မင်းတို့က ဘယ်သူတွေလဲ၊ ဘာလိုချင်လို့လဲ”

ဦးအောင်မော် အနည်းငယ် စိတ်တည်ငြိမ်လာချိန်မှာတော့ သတိကပ်လာပြီး မေးခွန်းထုတ်လိုက်သည်။ မျက်နှာဖုံးစွပ်သမားတွေက သူမေးတာကို မဖြေ၊ သူတို့ကိုသာ ဆိုဖာရှည်ကြီးပေါ်တွင် ကျောမှီဘက် မျက်နှာပြု၍ မှောက်ထိုင်ထိုင်ခိုင်းသည်။ ပြီးတော့ ဦးအောင်မော်နှင့် တေဇာမော်တို့ကို အသင့်ပါလာသော ကြိုးများဖြင့်၊ လက်ပြန်ကြိုးတုပ် ချည်လိုက်ကြလေသည်။ အမျိုးသမီး နှစ်ယောက်ကိုတော့ ကြိုးမတုပ်၊ သို့သော် အခန်းအလယ်တွင်စု၍ ကပ်ထိုင်ခိုင်းထားသည်။

“တစ်ယောက်မှ မလှုပ်ကြနဲ့၊ ခုခံဖို့ မကြိုးစားကြနဲ့နော် တခုခုကြံဖို့ နဲနဲလေး လှုပ်တာနဲ့ အူပွင့်သွားအောင် ပစ်ထည့်လိုက်မယ်။ တကယ် မလုပ်ဘူး မထင်နဲ့”သေနတ်သမား တစ်ယောက်က ဟိန်းဟောက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *